Sidebar Ads

ADS HERE

ads

Seo Services

Monday 29 April 2019

သွေးနှင့်​ရင်း​သော မဲသ​ဝေါ



အပိုင်း(၁)


၁၉၈၈ ခုနှစ် စက်တင်ဘာလ.၁၄ ရက်နေ့ မှောင်ရီပျိုးချိန်...
မိုးသည် တစိမ့်စိမ့်ရွာသွန်းလျှက်ရှိသည်။
ဒေါနတောင်တန်းကြီးသည် ပိန်းပိတ်အောင်မှောင်မည်းလျှက် သာမန်ပြည်သူများ တစိမ့်စမ့်ဖြင့် အိပ်ယာထဲကွေးနေချိန် အင်အား ၅၀၀ ခန့်​ရှိ လက်နက်ကိုင်များသည် မှောင်ရိပ်ကိုအံတုကာ မိုးရေထဲတွင် လှိုင်းဘွဲ့မြို့လေးဆီသို့ ဦးတည်ချည်းကပ်လာသည်ကိုမည်သူမှမသိနိုင်ပါတကား...၊
၎င်းတို့ကား..
ကေအင်ယူ တပ်မဟာ(၇)တပ်မဟာမှူး ဗိုလ်မှူးကြီးထိန်မောင်ဦးစီး အထူးတိုက်ခိုက်ရေးစစ်ကြောင်း ၂ ခု..၊ စစ်ကြောင်း(၁)မှူးကား ကေအင်ယူတို့၏ နာမည်ကြီးလှသောတိုက်ခိုက်ရေးသမား ဒုမှူးကြီး စောဂျော်နီ၊ စစ်ကြောင်း(၂)မှူးကား စောဂျော်ဖြူ...၊
ရည်မှန်းချက်ကား လှိုင်းဘွဲ့မြို့သိမ်းစစ်ဆင်ရေး...၊ ၄င်းတို့နှင့်အတူ ပြင်သစ်နိုင်ငံသား စစ်အကြံပေး (၄)ဦးပါဝင်လျှက်......

ညသန်းခေါင်ယံတွင် ထီးမိုးကဖီး ရွာပျက်အရောက် အမာခံအချို့ထံမှသိရှိလိုက်ရသောသတင်းကား...
လှိုင်းဘွဲ့မြို့အတွင်းတွင် ​ဒေသခံတပ်မတော်တပ်ရင်းအပြင် အခြားခြေမြန်တပ်မတစ်ခုရောက်ရှိနေသောသတင်း....၊
တပ်မဟာမှူးသည် သတင်းအားအတည်ပြုလိုက်ပြီး စစ်ကြောင်းမှူးများအား အစည်းအဝေးခေါ်လိုက်သည်...
စစ်​​ကြောင်းမှူးနှစ်​ဦး​ရောက်​ရှိလာပြီး​နောက်​ မိုးရေထဲမှာပင် အစည်းအဝေးစတော့သည်...
" ဘယ်လိုလုပ်မလဲကွ..အခုလှိုင်းဘွဲ့မှာ တပ်မတစ်ခု ​ရောက်တေယ်လို့သိရတယ်.."
ဂျော်နီမှ..
" ဖြစ်နိုင်ပါ့မလားကာနယ်..တပ်မ(၄၄)တပ်တွေက တောင်ဘက်မှာ ကျုပ်တို့စခန်းတွေကို ရင်ဆိုင်ထားရတယ်.. မဲလ, ၀ါးခတလျှောက်ပဲ မြောက်ဘက်မှာ တပ်​မ ၆၆ ရှိတယ်၊ ၂၂ က ရန်ကုန်ကိုတက်သွားပြီ.. ၈၈ နဲ့ ၉၉ က ရှမ်းပြည်မှာ၊ ၇၇ ကလည်း မြို့ပေါ်မှာ၊ ဘယ်တပ်မ ၀င်လာနိုင်ပါ့မလဲကာနယ်...၊ မဖြစ်နိုင်ဘူး"
ဂျော်နီစကားအဆုံး ကာနယ်ထိန်မောင်က ဖြည်းလေးစွာခေါင်းခါလိုက်သည်...
" မဟုတ်ဘူးဂျော်နီ..ငါ့ အမာခံတွေက စိတ်ချရတယ်၊ မင်းတို့လည်း သိတာပဲ၊ လှိုင်းဘွဲ့မှာ အနည်းဆုံး စစ်သား ၅၀၀ လောက်ရှိနေတာသေချာတယ်၊ ဖြစ်နိုင်တာတော့..ငါ့အထင်​ တပ်မ ၃၃ ပဲ၊ ဒီတပ်မက နားနေတာကြာပြီ..."
" ဒီလိုဆိုရင်တော့လှိုင်းဘွဲ့ကို လုပ်လို့မဖြစ်ဘူး..၊ အဲသည်တော့ ကစိုစခန်းသွားချမယ်​၊ အဲသည်မှာရန်သူတပ်စု (၁)စုပဲရှိတယ်.."
အတည်ပြုလိုက်ကြသည်။
ဂျော်နီရဲ့စစ်​​ကြောင်း (၁)မှ ကစိုစခန်းကိုတိုက်မည်။ စက(၂) က စစ်ကူကိုဖြတ်တောက်တိုက်ခိုက်မည်။
စက်တင်ဘာ(၁၅)ရက်​ နံနက် (၄ ၄၅)တွင် ကစိုစခန်းငယ်အား အစွမ်းကုန်တိုက်တော့သည်။
ရတခလရ(၂၈)မှ တပ်စုသည် အစွမ်းကုန်ခုခံသော်လည်း ထိခိုက်ကျဆုံးမှုများလှသဖြင့် (၀၆၀၀)နာရီခန့်တွင် ရွာတွင်းသို့ ဆုတ်ခွာလိုက်ရတော့သည်။
ခလရ(၂၈)မှ ဗိုလ်ရွှေ၏ တပ်စိတ် ၂စိတ် အပြင်းအထန်ခုခံနေချိန်တွင် ဗိုလ်မှူးသူရဖုန်းစိန်၏ တပ်စု(၂)စုကား ပိုင်ကျုံမှလည်း​ကောင်း၊ ဗိုလ်ကြီးခင်မောင်မြင့်၏ တပ်စုက ပတ်ကျော့ရွာမှလည်း​ကောင်း ချက်ချင်းစစ်ကူလိုက်သော်လည်း ဂျော်ဖြူ၏ဖြတ်တောက်ရေး အင်အား ၃၀၀ ခန့်က ဆီးကြိုတိုက်ခိုက်သဖြင့် ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားတော့သည်။
နေ့ဝက်လုံးလုံး ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့ပြီး နေ့လည် ၁နာရီခန့်တွင် တိုက်ပွဲတဖြည်းဖြည်းစဲသွားတော့သည်။ ထို့​နောက် ကေအင်ယူတို့သည် အရှေ့မြောက်ဘက် ​ဒေါ်လန်းစခန်းဆီသို့ဦးတည်ကာ ဆုတ်ခွာသွားတော့သည်။ ကစိုတိုက်ပွဲတွင် တပ်မတော်မှ ၁၀ဦးကျဆုံး၊ အရာရှိ ၂.ဦးအပါအ၀င် ၁၉.ဦးဒဏ်ရာရရှိခဲ့သည်။ ရန်သူ့အလောင်း(၂)လောင်းကျန်ခဲ့သည်။ တပ်မတော်မှ အထိနာခဲ့သောပွဲပင်တည်း။
နိုင်ချင်ကြက်နှယ်
══════════
၁၉၈၈ စက်တင်ဘာ ၂၁ နံနက်​..အရုဏ်တက်

ကစိုတိုက်ပွဲတွင် အသာစီးယူခဲ့သော တပ်မဟာ(၇) တပ်ဖွဲ့များသည် နိုင်ချင်ကြက်ကဲ့သို့ တက်ကြွလျှက်ရှိနေကြသည်။ ထိုအောင်မြင်မှုကိုထိန်းနိုင်ပါမည်​လား...
နံနက် (၇)နာရီတွင်​ တပ်မတော်မှတပ်စု(၂)စု နေရာယူထားသောဒေါ်လန်းစခန်းသို့ မြင်မြင်ထင်ထင်ပင် ၈၂မမ စိန်ပြောင်းကြီးများဖြင့်ပစ်ခတ်ကာ အတင်းဝင်လုံးတော့သည်။
မြင်မြင်ထင်ထင်ပင် ​အသာစီးယူကာ ခုခံလျှက်ရှိသော တပ်မတော်၏ပစ်အားကိုကျော်လွှားနိုင်ခြင်းမရှိပဲ ၃ကြိမ်တိုင်တိုင် လန် ကျလေတော့သည်။
မကြာမီ ၈၁မမ ပစ်ခတ်သံများ ၈၄မမ နောက်ပွင့်ပစ်ခတ်သံများ ကြားလာရချိန်တွင် စစ်ရည်​၀နေသော​​ဂျော်နီသည် အခြေအနေကို ချက်ချင်းသုံးသပ်ပြီး ဆုတ်ခွာရန်အမိန့်ပေးလိုက်တော့သည်၊ ကစိုအောင်ပွဲသည် ဒေါ်လန်းတွင် ​ဦးချိုးခံလိုက်ရပေပြီ။
ဗဟိုဌာနချုပ်မှ အမိန့်ရောက်လာသည်၊ " ​ဒေါနတောင်အနောက်ခြမ်းမှ တပ်မဟာ(၇) တပ်ဖွဲ့များ အရှေ့ခြမ်းသို့ ချက်ချင်းစုစည်းရန်"
စင်စစ် ဒေါနတောင်အနောက်ခြမ်းမှ ကေအင်ယူတိုက်ကွက်များသည် စစ်ဆင်ရေးကြီးတစ်ခုအစပျိုးရန် ယောင်ပြလှုပ်ရှားမှုများဖြစ်ကြောင်း ထိုစဉ်က စစ်ရေး,နိုင်ငံရေး အကြပ်အတည်းပေါင်းများစွာဖြင့်ရုန်းကန်နေရသောတပ်မတော်အဖို့ ရိပ်မိနိုင်ခြင်းမရှိခဲ့ချေ။
(ဆက်ရန်)
Credit -မင်းမော်
(ဆရာတင်သန်းဦး၏ " မဲသဝေါတိုက်ပွဲ" စာအုပ်အားကိုးကားပါသည်)

No comments: